ကျွန်တော်တို့ ဆယ်ကျော်သက်ဘ၀မှာ
ကိုယ့်ဘ၀ထက်တောင် ပိုပြီးချစ်ခဲ့မိတဲ့
အချစ်ဆုံးလူသားလေးတစ်ယောက်တော့ လူတိုင်းမှာရှိခဲ့ကြမှာပါ။
ပိုင်ဆိုင်ရသည်ဖြစ်စေ၊ မပိုင်ဆိုင်ရသည်ဖြစ်စေ၊
သူ့အကြောင်းတွေးမိလိုက်တိုင်း …..
ရင်ထဲနွေးထွေးသွားရတဲ့ အခိုက်အတန့်လေးတွေက တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။
ဒီကားလေးဟာလည်း ဆယ်ကျော်သက်ဘဝ
လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို
ဖော်ကျူးပြသထားတာဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဒီကားလေးက “You Are The Apple Of My Eye” ရဲ့
အရိုက်အရာကို ဆက်ခံနိုင်လိမ့်မယ်လို့ထင်တယ်ဗျာ။
ဒါဆို ဇာတ်ညွှန်းလေးကို စလိုက်ကြရအောင်။
ကျန်းဟယ် မှာ ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့
ဂူရှင်းလဲ့ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။
ဂူရှင်းလဲ့ က စာဖက်မှာလည်း မထူးချွန်သလို
အားကစားဖက်ကြည့်ပြန်တော့လည်း ညံ့မြဲညံ့ဆဲပါ
အဲ့တာကြောင့် ကျန်းဟယ်က သူ့ကို “ငတုံးဂူ” လို့
နာမည်ပြောင်ပေးထားခဲ့တယ်။
ကျန်းဟိုင် ကတော့ ဂူရှင်းလဲ့နဲ့ ဆန့်ကျင်ဖက်
အရာရာပြီးပြည့်စုံပြီး ကျန်းဟယ်ရဲ့တစ်ဖက်သတ်ကျိတ်ချစ်ခြင်းခံရသူဆိုလည်း မမှားပါဘူး။ သူတို့နှစ်ယောက်ဟာ အတော်ထူးချွန်တဲ့အတွက်
ပြိုင်ပွဲပေါင်းများစွာမှာ ဆုတွေအသီးသီရရှိဆွတ်ခူးထားကြတာပါ။
ဒီလိုနဲ့အတန်းတွေကြီးလာတဲ့အခါ နှစ်ယောက်စလုံးဟာ
အင်္ဂလန်နိုင်ငံ က နာမည်ကြီးတက္ကသိုလ်တွေရဲ့ ဖိတ်ကြားစာ အသီးသီးလက်ခံရရှိကြပြီး
ပညာတော်သင်သွားဖို့ ပြင်ဆင်ကြပါတော့တယ်။
နိုင်ငံခြားမှာ ကျန်းဟိုင်နဲ့အတူ ပညာတော်သင်သွားရဖို့က
ကျန်းဟယ် မမက်ရဲခဲ့တဲ့ အိပ်မက်ဖြစ်ပြီး၊
ကျန်းဟယ်နဲ့ အမြဲအတူရှိနေချင်တာက ဂူရှင်းလဲ့ရဲ့အိပ်မက်ပါ။
သုံးပွင့်ဆိုင်ဖြစ်နေကြတဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကို
မျက်ရည်ခိုင်ခိုင်ထားပြီး ကြည့်ဖို့တော့လိုမယ်ဗျာ။
ဘာပဲပြောပြော ဒီကားလေးက အချိန်ပေးကြည့်ရတာ တန်လွန်းပါတယ်။
မင်းသားနှစ်ယောက်ရဲ့ အချောအလှတွေအပြင်
လန်ဒန်မြို့ကြီးရဲ့ အလှအပတွေကိုပါ တမျိုးတဖုံကြည့်ရှုခံစားရမှာဖြစ်တာကြောင့်
သေချာပေါက်ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။