1993ဩဂုတ်မှာ နယူးယောက်တိုင်းသတင်းစာထဲ ” တရုတ်က သူ့မြေကရုပ်ရှင်ကို သူ့ဘာသာ ပြန်ပိတ်ဆို့လိုက်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကတော့ အဲဒီရုပ်ရှင်ကို အမြင့်ဆုံးဆု ပေးလိုက်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ 46ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d’Or ရခဲ့တဲ့ Farewell My Concubine ပါပဲ။
ဇာတ်လမ်းရဲ့ဦးအစဟာ ၁၉၂၄။၁၉၁၂မှာ ပုရီကို နန်းချပြီးနောက်ပိုင်း ဘုရင်ခေတ်ကနေ သမ္မတနိုင်ငံခေတ်ကိုကူးတဲ့ မတည်မငြိမ်ကာလတွေ ထဲမှာပေါ့။တရုတ်ပြည်မှာ အဲဒီနောက်ပိုင်းကာလတွေဟာ အပျက်ပျက် ကာလတွေချည်းပါပဲ။ ၁၉၁၆ကနေ ၁၉၂၈အတွင်းဖြစ်တဲ့ ငတ်မွတ်သေကြေမှုများခဲ့တဲ့ စစ်နယ်ရှင်ကာလအတွင်းက ခုနှစ်တစ်ခု။ အဲဒီကာလမှာ ပခြုပ်သည်မတစ်ယောက်ဟာ သူရဲ့ လူမမယ်သားကို ပေကျင်းအော်ပရာ လေ့ကျင့်ရေးကျောင်းတစ်ခုကို လာရောင်းခဲ့တယ်။ သူရောင်းခဲ့တဲ့ကလေးက လတ်စလီချောင်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ပဲစေ့လေး ခေါ် တျဲ့ရီ ။ ပေကျင်းအော်ပရာရော ခေတ်ပျက်တွေရောက ဒီရုပ်ရှင်ရဲ့ သက်မဲ့ဇာတ်ဆောင်တွေဆိုတော့ ဒီရုပ်ရှင်အကြောင်းပြောမယ်ဆို ပေကျင်းအော်ပရာ အကြောင်းလည်း မပါမဖြစ် ထည့်ပြောမှရမယ်။
ပီကင်းအော်ပရာ (ဝါ) ပေကျင်းအော်ပရာဆိုတာ တရုတ်ပြည်ရဲ့ ရှေးဂန္တ၀င်အော်ပရာတစ်မျိုးပဲ။ ခုတော့ခြွင်းချက်ထားလာပေမဲ့ ဟိုးတုန်းကတော့ ပေကျင်းအော်ပရာမှာ ယောကျာ်းတွေပဲ ကပြခွင့် ပေးထားတယ်။ပေကျင်းအော်ပရာကို ပိုင်နိုင်အောင် ကတတ်ဖို့ ဆယ်နှစ်ကျော် ကျားကုတ်ကျားခဲ အကြမ်းပတမ်း လေ့ကျင့်ရတယ်။ အဲဒီလိုကျင့်ရတဲ့သူတွေမှာ မိဘမဲ့တွေ စွန့်ပစ်ခံကလေးတွေ အများစုပါတယ်။ မိဘတွေကိုယ်တိုင်က မကျွေးမွေးနိုင်လို့ ဇာတ်အဖွဲ့ကိုကျွန်အဖြစ်ရောင်းခဲ့ကြတာတွေရောပေါ့။ သူတို့ကို စခန်းသွင်းပြီး စစ်သားတွေလို ပြင်းပြင်းထန်ထန်လေ့ကျင့် ပေးခဲ့ကြတယ်။ အပြစ်ပေးမှုတွေဟာလည်း ပြင်းထန်တာပါပဲ။ ပေကျင်းအော်ပရာသမားတွေဟာ မိတ်ကပ်ကအစ ကိုယ်တိုင်ခြယ်တတ်အောင် သင်ယူခဲ့ရတယ်။ ဇာတ်ရဲ့အစမှာ တျဲ့ရီရဲ့ ပေကျင်းအော်ပရာ သင်ယူခဲ့တဲ့ ကြမ်းတမ်းကာလတွေနဲ့ စဖွင့်ထားတယ်။
အစောတင်ကပြောခဲ့သလို ပေကျင်းအော်ပရာမှာ မိန်းကလေးတွေ ပါ၀င်ကပြဖို့ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။အမျိုးသမီးဇာတ်ကောင်တွေလည်း ရှိတဲ့အတွက် ယောကျာ်လေးတွေကပဲ မိန်းကလေးလို သရုပ်ဆောင်ခဲ့ရတာပါပဲ။ ဒီရုပ်ရှင်မှာဆို အဓိက ကပြတဲ့ အော်ပရာ “မောင်းမငယ် နေလေရစ်”ပေါ့။ ချူဘုရင်နဲ့ ဟန်ဘုရင်စစ်မက်ဖြစ်ခဲ့တဲ့ အကြောင်း။ အဲဒီအော်ပရာရဲ့ အဓိကဇာတ်ကောင်က ကိုယ်လုပ်တော်ယွီ။ သူ့ အော်ပရာရဲ့ အဓိကဇာတ်ကောင်ကိုက မိန်းကလေးဖြစ်နေတော့ အဲဒီဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် ကပြဖို့ သိပ်အရေးကြီးတယ်။ တျဲ့ရီဟာ အစပိုင်းမှာတော့ ဇာတ်စကားဖြစ်တဲ့ “ငါက အမိ၀မ်းကကျွတ်ကတည်းက မိန်းကလေးပဲ ယောကျာ်းမဟုတ်ဘူး”ဆိုတဲ့ စာသားကို ဘယ်လိုမှ ပြောမထွက်ခဲ့ဘူး။ သူက ယောကျာ်းလေးကိုး။အထုအထောင်းခံရတာတွေ များလာတဲ့အပြင် သူ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ လိုင့်ကျစ်နဲ့ ရှောင်လုံကိုပါ သူ့အမှုက ရွာပတ်လာတဲ့အချိန် သူမပြောချင်တဲ့စကားကို သူပြောလိုက်ရတယ်။ တျဲ့ရီဟာ အစကတည်းက ဆောင်ကြာမြိုင်မှာမွေး မိန်းမတွေကြားကြီးလာတဲ့သူလည်းဟုတ်တယ်။ ဒီအဖြစ်ကလည်း သူ့ရင်ထဲက တစ်စုံတစ်ရာကို ပေါက်ကွဲထွက်စေခဲ့တယ်။နောက်ဆုံးလက်ကျန် တံတိုင်းကို ပြိုကျစေမယ့် နောက်အဖြစ်တစ်ခုလည်း ဖြစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ တျဲ့ရီဟာ ပုလ္လိင်ရော ဣတ္ထိလိင်ရော မဟုတ်တော့တဲ့ သူတစ်ယောက်ဖြစ်သွားတယ်။ Queerစစ်စစ်လို့တော့ ကောက်ချက်မချရဲဘူး။ ဒါရိုက်တာ Chen Kaige ပြထားတဲ့ အဲဒီမျဉ်းက အရမ်းကို ပါးလျလွန်းတယ်။
၁၉၃၇- ဂျပန်တွေကျူးကျော်၀င်ရောက်လာတဲ့ ကနဦးကာလ။၁၉၃၇-၄၅အတွင်းဖြစ်ခဲ့တဲ့ တရုတ်ဂျပန်စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဟုတ်တယ်။ ဒီအချိန်မှာ တျဲ့ရီနဲ့ ရှောင်လုံဟာ ချူဘုရင်နဲ့ ကိုယ်လုပ်တော်ယွီနေရာက သရုပ်ဆောင်တာ ပီပြင်လွန်းတဲ့အတွက် နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်နေကြပြီ။ တျဲ့ရီဟာ သူ့ရဲ့Queerလိုလို မကွဲသလိုလို ဖြစ်နေတဲ့လိင်စိတ်တိမ်းညွတ်မှုကြောင့်ရော သံယောဇဉ်ကြောင့်ရောကျောက်လုံအပေါ် အင်မတန်သံယောဇဉ်ကြီးတယ်။ ဒီအချိန်မှာ သူတို့၂ယောက်ဘ၀ထဲကို ဂေါင်လီရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဆောင်ကြာမြိုင်က ထိပ်တန်း အပျော်မယ်လေး ကျွီရှန်းက ၀င်လာခဲ့တယ်။ ဒီတော့ ရှောင်လုံကို သိပ်ချစ်တဲ့ တျဲ့ရီအတွက် ကျွီရှန်းဟာ မျက်မုန်းကျိုးစရာဖြစ်လာတော့တာပါပဲ။ ဒီအချိန်အထိကတော့ သူတို့ဘ၀တွေရဲ့ နေရယ်သာတဲ့နေ့ရက်နေ့တွေ ဖြစ်ခဲ့ကြတယ်။ ဒါရိုက်တာဟာ ဇာတ်သဘင်သည် ဝါ အော်ပရာသမားတွေရဲ့ ဘ၀ကို မီးကုန်ယမ်းကုန် ရှိဂုဏ်မြှင့်တင် ဖော်ကျူးထားတယ်။ ဇာတ်သမားဟာ ဇာတ်ကရင်းပဲ သေတယ်ဆိုတဲ့ စကားလိုပေါ့။
၁၉၄၅ ဂျပန်တွေလက်နက်ချပြီးတဲ့ အချိန်မှာတော့ တျဲ့ရီရဲ့ ကျခေတ်တွေရောက်လာခဲ့တယ်။ အော်ပရာနဲ့ ရှောင်လုံကို ချစ်တဲ့စိတ်ကလွဲ တိုင်းပြည်လူမျိုး ဘာကိုမှမချစ်တဲ့ တျဲ့ရီဟာ ဂျပန်တွေခေတ်ကောင်းစဉ်က ရှောင်လုံအတွက်ရော အော်ပရာကိုချစ်တဲ့ ဂျပန်ဗိုလ်ကြောင့်ရော ဂျပန်တွေကို ပီကင်းအော်ပရာနဲ့ ဖျော်ဖြေကပြခဲ့ဖူးတဲ့အတွက်ကြောင့် သစ္စာဖောက်လို့ တံဆိပ်ကပ်ခံခဲ့ရပါပြီ။ ဒီနောက် ၁၉၄၈မှာတော့ ကူမင်တန်ဟာ ထိုင်၀မ်ကိုပြောင်းရွှေ့ခွဲထွက်သွားခဲ့တယ်။ တရုတ်သမိုင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံဦးအစ ကမ္ဘာ့သမိုင်းအရတော့ တရုတ်ပြည်ပြိုကွဲရာဦးအစကာလပေါ့။
တစ်စစီပြိုကွဲနေတဲ့ ရတတ်မအေးရတဲ့ နိုင်ငံကြီးထဲက ပီကင်းအော်ပရာသမားတစ်ယောက်နဲ့ လင်မယားနှစ်ယောက်ရဲ့ ဘ၀တွေကို နားလည်နိုင်အောင် ကွက်ကွက်ကွင်းကွင်း ပြသွားတယ်။အများအမြင် ဖက်ခွက်စားနဲ့ ပခြုပ်သည်မတို့ရဲ့ အိမ်ထောင်ရေးဟာ တကူးတက ရိုပြမနေပေမဲ့ အတော်လေး ရိုမန့်တစ်ဆန်နေတယ်။ ဒီရုပ်ရှင်ထဲက ဂေါင်လီဟာ မင်းသမီးတစ်ယောက်နဲ့မတူဘဲ ဂေါင်လီနဲ့မတူဘဲ မိန်းမလိုမိန်းမ အမေလိုမိန်းမနဲ့ တူနေတယ်။ဒီအချက်ကပဲ သူတို့လင်မယားကို ဖော်ကျူးထားတာကို ပိုအရောင်တင်ပေးလိုက်တာပါပဲ။
နောက် ရှောင်လုံနဲ့ သူ့အိမ်ထောင်ရေးကလည်း ကိုယ်ပိုင်ဇာတ်လမ်း တစ်ခုအဖြစ် ခွဲထွက်နေသလို ဇာတ်လမ်းပမာဏနဲ့ ကြည့်ရင်တော့ သူတို့ဟာ ဇာတ်ပို့ကို တစ်ဆင့်မြှင့်ထားတာ သာသာပါပဲ။ခံစားမှုပေးစွမ်းနိုင်စွမ်းအရ ကြည့်ရင်တော့ သူတို့ကိုယ်တိုင်ကိုကလည်း ဇာတ်လိုက်တွေပါပဲ၊ ဒီရုပ်ရှင်မှာ ဇာတ်ရဲ့အဓိကဟာ ပေကျင်းအော်ပရာပဲလို့ ဆိုလို့ရပါတယ်။ နောက်တော့ တရုတ်ပြည်ရဲ့ မတည်ငြိမ်သော နှစ်ကာလများပေါ့။သို့ပေမဲ့ တျဲ့ရီအစ ရှောင်လုံ၊ ကျွီရှန်း၊ သူတို့ဆရာအပါ၊ သူတို့တပည့်အပါ၊ နောက်ဆုံး ဇာတ်အစမှာတင် အခါနှောင်းခဲ့လေသော လိုင့်ကျစ့်လေးအဆုံး တစ်ယောက်မှဇာတ်ပို့မဟုတ်ခဲ့ဘူးလို့ ကျွန်တော်တော့ သေချာတယ်။သူတို့အားလုံးဟာ သူ့ဘ၀သူသေချာ ဖော်ကျူးပြီး ကြည့်ရှုသူကို သူတို့ဘ၀ကို နားလည်စေခဲ့တဲ့ သူတွေပါပဲ။
” ၁၉၄၉တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ပီကင်းသို့ ၀င်လာသည်။ မျိုးချစ်စိတ်ဓာတ်မထားသူ မည်သူ့လူမျိူးကိုမဆို ခံစားတတ်က ဖျော်ဖြေလိုသော သူ့အနုပညာသာ သူအဓိကထားသော ဘိန်းစွဲနေသူ လိင်တိမ်းညွတ်မှု ကွဲပြားနေသူ တျဲ့ရီအတွက် မျက်ခုံးလှုပ်စရာ အခြေအနေ ဖြစ်လာလေပြီ။
၁၉၆၆တွင် ယဉ်ကျေးမှုတော်လှန်ရေးစခဲ့သည်။ထိုကာလတွင် ရှေးယဉ်ကျေးမှုနဲ့ ပက်သက်ဆက်နွယ်သည်များကို ဖျက်ဆီး စွန့်ပစ်ခဲ့ကြ၏။ ၁၉၇၆အထိ ဆယ်နှစ်တိုင်အောင် ရှည်ကြာခဲ့သည်။ “
ဒါရိုက်တာ Chen Kaigeကို ၁၉၅၂မှာမွေးခဲ့ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးအစမှာ သူ့အသက်ဟာ ၁၄နှစ်ရှိနေပါပြီ။အဆုံးထိဆို ၂၄နှစ်ပါ။ ဒီဆယ်နှစ်လုံးကို သူဖြတ်သန်းခဲ့ရတဲ့ သဘောပါပဲ။၀င်းဖေပြောဖူးတဲ့ စကားရှိပါတယ်။၀တ္တုရဲ့ ဇာတ်ညွှန်းကို နားလည်ကြေညက်ဖို့ဟာ ရုပ်ရှင်ရိုက်ခြင်းမှာ အင်မတန်အကျိူးကျေးဇူးကြီးတယ်ဆိုတဲ့ စကားပါ။ ဒါရိုက်တာဟာ ဝတ္တုကို ကြေညက်နေတာတင်ပဲ မဟုတ်ပါဘူး။ပေကျင်းသား ၁၉၅၂ဖွားဆိုတော့ ဒီရုပ်ရှင်ရဲ့ဇာတ်ရှိန်အတက်ဆုံးအပိုင်းဖြစ်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ သူဟာ အသက် ၂၀ဝန်းကျင် ရှိနေပြီး ကိုယ်တွေ့ကြုံမြင် ခံစားခဲ့ဖူးတဲ့သူပါ။ ဒုတိယ အချို့အဖြစ်မျိုးတွေလည်း သူက ဖြစ်ဖူးတဲ့သူပါ။ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလဟာ ပိုအသက်ဝင်နေတာပါပဲ။
ဒါရိုက်တာဟာ ယဉ်ကျေးမှုတော်လှန်ရေးကို ခပ်ကြမ်းကြမ်းပုတ် ကျန်တဲ့ဟာတွေကို ပါးပါးလေးပုတ်ပြီး လက်ရဲဇက်ရဲရိုက်သွားခဲ့တယ်။ ကျွန်တော့်အမြင်အရတော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်က ပီကင်းအော်ပရာဆိုရင် ပီကင်းအော်ပရာကို ဖျက်စီးခဲ့တဲ့ ဗီလိန်အဖြစ် ယဉ်ကျေးမှုတော်လှန်ရေးကို ထည့်သွင်းသွားတယ်ပဲ ယူဆပါတယ်။နောက် ဒီလိုပုတ်သွားတဲ့နေရာမှာ တျဲ့ရီနဲ့ သူ့ဆရာကြားက ဆရာကိုတုန်နေအောင်ကြောက်တဲ့ဆက်ဆံရေးနဲ့ ဘာမှမဟုတ်တဲ့ သူ့တပြည့်လေးက သူ့ကို လူလို့တောင်မမြင်တဲ့ ဆက်ဆံရေးကြားက ခြားနားမှုနဲ့ ပါးပါးလေးပုတ်ပြသွားတာလည်း ဒဲ့ကြီးမဟုတ်ပေမဲ့ အတော့်ကို မြင်သာထင်သာရှိပါတယ်။ အတော့်ကို လက်ရဲဇက်ရဲ ဒါရိုက်တာပါပဲ။
တစ်ခုရှိတာက တရုတ်ပြည်မှာ မော်စီတုန်းရဲ့ “မဟာရှေ့သို့ခုန်ပျံကျော်လွှားမှု”ဆိုတဲ့ စီမံကိန်းကြီးအကြောင်း နှောင်းပိုင်းတွေမှာ မကောင်းစကား ဟခွင့်မပြုပါဘူး။ ဒီရုပ်ရှင်မှာလည်း တရုတ်ပြည်ရဲ့ ခေတ်ဆိုးတွေအကြောင်း တစ်ခုမချန်နီးပါးပြသွားပေမဲ့၁၉၅၈ – ၁၉၆၁အတွင်း ဖြစ်ခဲ့တဲ့ မော်စီတုန်းလုပ်ခဲ့တဲ့ ပျက်ကပ်ကြီးကိုတော့ ခုန်ပျံကျော်လွှားသွားပါတယ်။ ဒီအနုပညာဟာ အတော်လေးမလွတ်မလပ်နဲ့ လုပ်ခဲ့ရတာတော့ အမှန်ပါပဲ။ဒီထက်များလွတ်လပ်ခဲ့ရင် ဒီထက်ကောင်းတဲ့ ရုပ်ရှင်ထွက်လာမလားတော့ မသိပါဘူး။ဒီရုပ်ရှင်တောင် နိုင်ငံရေးအရရော လိင်တူသဘောကျတာကြောင့်ရော သတ်သေတဲ့အခန်းပြလို့ရော တရုတ်ပြည်မှာ အပိတ်ခံခဲ့ရပါတယ်။
“မောင်းမငယ် နေလေရစ်” ဟာ အတော်ကျယ်ပြန့်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျယ်ပြန့်တယ်ဆိုတာက Perspective အမျိုးမျိုးကနေ အမြင်အမျိုးမျိုး ပေးနိုင်တာကိုဆိုလိုတာပါ။ ကြည့်ရှုသူရဲ့ အခြေခံအသိကိုမူတည်ပြီး အမြင်အမျိုးမျိုးကို ပေးနိုင်မှာပါပဲ။တရုတ်ပြည်ရဲ့ ပြိုကွဲကပ်ဆိုက်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်းက အခြေအနေတွေနဲ့ ထိုခေတ်ထိုအခါက လူတွေ သဘင်သည်တွေအကြောင်းကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ ကောင်းကောင်းကြီး ခံစားလို့ရပါတယ်။
ခုများတော့ Chen Kaige လည်း ကားကောင်းတွေမရိုက်တော့သလို ဂေါင်လီလည်း အရွယ်လွန်ခဲ့ပါပြီ။ တျဲ့ရီရော ကိုယ်လုပ်တော်ယွီရော မရှိတော့ပါဘူး။ လတ်စလီချောင်လည်း အခါနှောင်းခဲ့ပါပြီ။ သို့ပေမဲ့ “မောင်းမငယ် နေလေရစ်”နဲ့အတူ သူတို့ အနုပညာတွေကတော့ ယန်ဇီမြစ်ထဲ စီးဆင်းနေဦးမှာပါပဲ………
(
ဘာသာပြန်ထားတဲ့ဟန်နဲ့ ပက်သက်ပြီးလည်း ပြောစရာရှိပါတယ်။
အော်ပရာသီချင်းတွေဟာ ဇာတ်ဆောင်ကိုယ်တိုင် ဆိုတာဆိုတော့
ဖယ်ထုတ်လို့လည်းမရပါဘူး။ အတော်လည်း အရေးပါပါတယ်။ ဒဲ့ပြန်ရမှာ အဆင်မပြေသလို
ခေတ်သီချင်းဟန်သွားလို့လည်း မပြေပါဘူး။ ပီကင်းအော်ပရာဟာ အရမ်းရှေးကျတဲ့
အော်ပရာဆိုတော့ ဘာသာစကားအကူးအပြောင်းမှာပါ
သူ့ရှေးငွေ့ပါအောင်ကျွန်တော်တို့ဆီက ရှေးကဗျာတွေရဲ့ ရေးဟန်ကို
ယူသုံးလိုက်ရပါတယ်။ လေးလုံးစပ်တွေမှာ ရှေးဟန်ပါစေချင်တော့ ရှေးက
လေးလုံးစပ်တွေထဲက မူလEစာနဲ့
ကိုက်တာတွေ ရှာကြံယူသုံးထားတာမျိုးတွေ
ပါပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ဂျပန်တွေကို သီချင်းဆိုပြတဲ့
ရာသီနဲ့ပန်းအကြောင်းသီချင်းမှာဆို ရှင်ဥတ္တမကျော်ရဲ့ တောလားထဲက
အချို့စာကြောင်းတွေနဲ့ အတော်လေး အံ၀င်ခွင်ကျဖြစ်နေတဲ့အတွက်
ယူသုံးလိုက်ပါတယ်။ ဒီတိုင်းလျှောက်ဖြည့်ထားတာမျိုး လုံး၀မဟုတ်ပါဘူး။ မူလ
အင်္ဂလိပ်စာရဲ့ အဓိပ္ပာယ်ကိုပဲ တရုတ်သံရဲ့ ရှေးငွေ့ရအောင် ဗမာစာထဲမှာရှိတဲ့
အစားထိုးလို့ရတဲ့ ရှေးဟန်နဲ့ ယူသုံးလိုက်ခြင်းပါ။ ခုနယူသုံးတဲ့ကဗျာတွေမှာ
Eစာနဲ့ကိုက်အောင် ပြင်ဆင်ဖြည့်စွက်ရတာရှိသလို အများစုမှာ ရှေးမူပေါက်အောင်
ရှေးကဗျာတွေက တစ်လုံးစနှစ်လုံးစ ယူထားပေမဲ့ ကိုယ်တိုင် ရေးသားထားတွ
များပါတယ်။အကုန်လုံး ကိုယ်တိုင်ရေးလည်း ရကောင်းရနိုင်ပေမဲ့ ခေတ်လူ
ကျွန်တော်ရွေးတဲ့ စကားလုံးတွေဟာ ရှေးမူဖြစ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့်
လိုအပ်ချက်အရ ယူသုံးလိုက်ရပါတယ်။ ရှင်ဥတ္တမကျော်တောလားတစ်ခုကိုပဲ
အရမ်းကိုက်ညီနေလို့စာကြောင်းလိုက်ယူသုံးထားတာရှိပြီး။ ကျန်တာတွေမှာတော့
“ကြငှန်း၊တပ်တော်ဦး၊”အဲဒီလိုရှေးစကားလုံးတွေကို ယူသုံးထားတာကလွဲ
ကိုယ်တိုင်ရေးထားတာတွေပါ။ ရှေးကဗျာဆရာတွေကိုရော ဒီရုပ်ရှင်ကားကိုရော
ကပြက်ကချော် ပြုထားခြင်း အလျဉ်းမပါဘဲ သူ့အရသာကို အပြည့်အ၀
ရစေချင်တဲ့စိတ်နဲ့ သူ့အဓိပ္ပာယ်အတိုင်းကိုပဲ ရှေးဟန်ပြင်ထားတာပါ)
~
အစက အညွှန်းကို Admin Yနဲ့ ပေါင်းရေးဖို့လုပ်ထားပေမဲ့ အရမ်းရှည်လို့
အဆင်မပြေလို့ အညွှန်းကို တိုလိုက်ရပါတယ်။ အကျယ်ဖတ်လိုက CM Official
Groupထဲမှာ Admin Yရဲ့အညွှန်းရော ကျွန်တော့်မူလ အညွှန်းရော shareထားပါတယ်။
တရုတ်နာမည်များ မှန်ကန်အောင်တော့ “ထျန်းရှတိယိ “မှ ကိုစွမ်းထက်က ကူညီပေးထားပါတယ် ~
Option | Download | Watch Live |
---|---|---|
Link1 |