၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။
အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ UN က စက်ရုပ်အားလုံးကို ဖျက်ဆီးဖို့ ရုတ်တရက် လုပ်ဆောင်လိုက်ပါတော့တယ်။ ဒီဖြစ်စဉ်ကြီးမှာ အသက်ရှင်ကျန်ခဲ့တဲ့ စက်ရုပ်အနည်းစုဟာ လူတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ကိုလက်လျှော့ပြီး မီဆိုပိုတေးမီးယားဆိုတဲ့ လွတ်မြောက်နယ်မြေကို ထွက်သွားခဲ့ကြတယ်။ အဲဒီမှာပဲ 01 ဆိုတဲ့ ပထမဆုံး စက်ရုပ်နိုင်ငံ ပေါ်ပေါက်လာပါတော့တယ်။ 01 ဟာ သူတို့ကိုယ်သူတို့ ပိုအသိဉာဏ်ရှိလာအောင် ဖန်တီးခဲ့သလို လူတွေလိုအပ်တဲ့ စက်တွေ နည်းပညာတွေကိုလည်း ပြန်ရောင်းစားပြီး တဖြည်းဖြည်းနဲ့ စီးပွားရေးမှာ လူတွေထက် အဆမတန် အင်အားကြီးလာခဲ့ပါတယ်။ လူသားငွေကြေးတန်ဖိုးတွေလည်း ကျဆင်းပြီး အင်အားချည့်နဲ့လာတဲ့အတွက် UN က 01 ကို စီးပွားရေးပိတ်ဆို့ခဲ့တယ်။ ဒါကို ညှိနှိုင်းဖို့ ရောက်လာတဲ့ စက်ရုပ်သံတမန်တွေကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်မှာ UN က စက်ရုပ်နိုင်ငံကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြီး ၂၂ ရာစု အလယ်လောက်မှာ စစ်ပွဲကြီးစတင်ခဲ့ပါတယ်။ ဒါ့အပြင် အနုမြူနဲ့ပါ လက်ဦးအောင် ထုခဲ့ပါတယ်။ ဒါပေမဲ့ စက်ရုပ်တွေက လူတွေထက်ပိုမာတဲ့ အတွက် မျိုးမပြုတ်ခဲ့ပါဘူး။ အဲဒီမှာ မျိုးမပြုတ်ဘဲ ကျန်ခဲ့တဲ့စက်ရုပ်တွေဟာ တစ်ကမ္ဘာလုံးက စက်တွေကို စုစည်းပြီး ပြန်ထိုးစစ်ဆင်ပါတော့တယ်။ အရှေ့အလယ်ပိုင်း ဥရောပ အရှေ့ပိုင်းတွေကိုပါ သိမ်းပိုက်လာနိုင်ခဲ့တယ်။
အရေးနိမ့်လာတဲ့လူသားတွေဟာ အမှောင်မုန်တိုင်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတစ်ခုကို လုပ်ခဲ့တယ်။ ဒါကတော့ စက်ရုပ်တွေရဲ့ အဓိကစွမ်းအင်ရင်းမြစ်ဖြစ်တဲ့ နေကို ဖြတ်တောက်ဖို့ပါပဲ။ ကမ္ဘာ့လေထုအကာတစ်ခုလုံးကို နာနိုဗုံးတွေနဲ့ဖောက်ခွဲပြီး တိမ်မည်းကြီးတွေ ဖုံးသွားအောင်လုပ်ပြီး ကမ္ဘာပေါ်မှာ နေရောင်ပျောက်ကွယ်သွားအောင်လုပ်ခဲ့တာပါပဲ။ ဒီစစ်ဆင်ရေးကြောင့် စက်ရုပ်တွေအင်အားချိနဲ့သွားပေမဲ့ မကြာခင်မှာပဲ အနုမြူစွမ်းအင်ကို အစားထိုးပြီး ပြန်အင်အားများလာခဲ့တယ်။ပြီးတော့ လူသားပုံစံစက်ရုပ်တွေကိုမသုံးတော့ဘဲ ပိုပြီးတိုက်ခိုက်နိုင် အားသုံးနိုင်တဲ့ စန်တီနယ်လို စက်ရုပ်တွေကို သုံးလာခဲ့တယ်။
လူသားတွေ အကျအဆုံးများပြီး ငတ်မွတ်လာတဲ့အချိန်မှာတော့ UN ရဲ့ရှေ့ကို စက်ရုပ်သံတမန်နောက်တစ်ခေါက်ရောက်လာပါတော့တယ်။ ဒီတစ်ခါမှာတော့ စက်ရုပ်သံတမန်က ထွေထွေထူးထူးညှိနှိုင်းမနေတော့ပါဘူး။ သူ့ကိုယ်သူဖောက်ခွဲပြီး ကမ္ဘာခေါင်းဆောင်အားလုံးနဲ့ နယူးယောက်မြို့ကြီးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ခေါင်းဆောင်မရှိတော့တဲ့ တပ်တွေကိုလည်း စက်ရုပ်တပ်တွေက အသာအယာအနိုင်ယူပြီး လူသားတွေ ကျဆုံးသွားခဲ့ပါတော့တယ်။ ဒါ့အပြင် စက်ရုပ်တွေဟာ နေ နဲ့ အနုမြူစွမ်းအင်အပြင် နောက်ထပ် စွမ်းအင်ရင်းမြစ်တစ်ခုကို တွေ့ရှိလာခဲ့ပါတယ်။ ဒါကတော့လူသားတွေကို ဖမ်းဆီးထားပြီး သူတို့ ကိုယ်ကနေ လျှပ်စစ်စွမ်းအင်တွေ ထုတ်ယူတာပါ။ အဆုံးမရှိတဲ့ကွင်းပြင်ကြီးတွေထဲမှာ လူသားတွေ သန်းချီပြီး ဖမ်းဆီးထားပြီး စွမ်းအင်ထုတ်ယူပါတော့တယ်။
အဲဒိဖမ်းဆီးထားတဲ့လူသားတွေရဲ့ စိတ်ကို အကျဉ်းချဖို့အတွက် Matrix ကို ဖန်တီးလိုက်တာပါပဲ။ Matrix ဆိုတာကတော့ Virtual Reality တစ်ခုပါပဲ။ လူသားတွေရဲ့ စိတ်ကို ကွန်ပြူတာစနစ်ထဲကို ထည့်သွင်းထားပြီး ၁၉ ရာစု ၂၀ ရာစုခေတ်မှာ သူတို့ဘာသာ အသက်ရှင်နေထိုင်နေကြသလို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပါ။